လေ့လာစရာ စာမျက်နှာများ

Wednesday, October 17, 2012

၂၁ နှစ်ခရီးရဲ့ အိမ်အပြန် အမှတ်တရများ (၁)

၂၁ နှစ်ကြာ တိုင်းပြည်က ထွက်လာ ခဲ့ပြီးနောက် နောက်တစ်ပတ် ထဲမှာ ကျွန်တော် မြန်မာပြည် ကို အပြီး
ပြန်တော့မယ်။ ကိုယ့်အိမ်ကိုယ့်ယာ လို့ သတ်မှတ်ပြီး ပြန်နေဖို့ပါ။ ၁၉၈၈ ကစပြီး လျှောက်ခဲ့တဲ့ ဒီခရီးမှာ ဒီမိုကရေစီ အရေး လှုပ်ရှားသူ အတိုက်အခံ တစ်ယောက် အနေနဲ့ တင်မက ပြည်ပရောက် မြန်မာ
တစ်ယောက် အနေနဲ့ပါ ဖြတ်သန်း ခဲ့ရတယ်။ ဒီ အတွေ့အကြုံ တွေကြားထဲမှာ နိုင်ငံရေး ရပ်တည်ချက်
တွေသာမက ကိုယ့်ဘဝနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း အပြောင်း အလဲဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေ ချခဲ့ရတယ်။ ဒီခရီးကို ဘယ်လို လျှောက်ခဲ့တယ်၊ အချိုးအကွေ့ တွေ ဘယ်လိုကြုံပြီး ဘယ်လို ဆုံးဖြတ် ချက်တွေ ချခဲ့ပြောင်းခဲ့တယ် ဆိုတဲ့ တစ်စိတ် တစ်ဒေသကို ဝေငှ ချင်တာပါ။

သမိုင်းတစ်ခုကို အတူဖြတ်ကြတယ် ဆိုပေမယ့် အဲဒီသမိုင်းကို မြင်တဲ့အမြင် ဘဝဇာတ်ခုံ ပေါ်မှာ ကရတဲ့ ဇာတ်ဝင်ခန်း တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တူကြမလဲ။ ဒီဆောင်းပါး ကတော့ အိမ်က ထွက်ပြီး အိမ်ကိုပြန်လာ ခဲ့တဲ့ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ ဖြတ်သန်း ခဲ့ရတဲ့ ခရီး အပိုင်းအစ တစ်ခုပါ။

၁၉၈၈ မတ်လ ကျောင်းသား လှုပ်ရှားမှုတွေ ဖြစ်တော့ နိုင်ငံရေး လှုပ်ရှားမှု တွေထဲ ကျွန်တော် စပြီး ပါဝင်
လာ ခဲ့တယ်။ အဲဒီအချိန်မှာ ကိုးတန်းကျောင်းသား အသက် ၁၅ နှစ်သာသာ ရှိတဲ့ သူတစ်ယောက် အတွက် ဒေါသထွက် နေတာက ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အစိုးရကို
ဖြစ်ခဲ့တယ်။ ဒီအစိုးရကြောင့် တို့တိုင်းပြည် ဆင်းရဲရတာ၊ တို့တွေ အဖိနှိပ်ခံရတာ ဆိုတဲ့အမြင်နဲ့ အစိုးရကို ဆန့်ကျင် ဖို့ ကျောင်းသား လှုပ်ရှားမှုမှာ ပါခဲ့တယ်။ ဒီမိုကရေစီ စနစ်အကြောင်း ကို သိလို့ နားလည်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမိုကရေစီ ရရင် တို့တော့ ဆင်းရဲတွင်းက လွတ်မြောက်ပြီ လို့ ထင်ခဲ့တာတော့ အမှန်ပဲ။


၈လေးလုံး လှုပ်ရှားမှုကြီး အရှိန်အဟုန် မြင့်လာတဲ့ သြဂုတ်လ ထဲမှာ လုံခြုံရေး တပ်တွေက ပစ်ခတ် နှိမ်နင်း ခဲ့ပြီး တဲ့နောက် ဒီလှုပ်ရှား မှုကြီးကို လိုအပ်ရင် လက်နက်ကိုင် တိုက်ပွဲ အထိ မြှင့်တင်ရမယ် ဆိုတဲ့ အမြင်မျိုး ရှိခဲ့တယ်။ လက်နက်ကိုင် တိုက်ပွဲနဲ့ ပတ်သက်ပြီး သိနားလည် လို့တော့ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ရဲဘော်သုံးကျိပ် က ဂျပန်မှာ စစ်ပညာ သွားသင်ပြီး လွတ်လပ်ရေးကို အရ ယူသွားခဲ့တဲ့ဥပမာကိုကျွန်တော်
တို့ အတော်တော်များများ အားကျ စိတ်ကူးယဉ်ခဲ့တာ အမှန်ပဲ။ စစ်တပ်က အာဏာ မသိမ်းခင် ကတည်းက ဗကသနဲ့ တခြား ကျောင်းသား အုပ်စုတွေထဲမှာ နယ်စပ်က လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး မြေ
အောက်လက်နက်ကိုင် လုပ်ငန်းတွေ အတွက် ပြင်ဆင်တာတွေ လုပ်နေကြပြီ။ စစ်တပ်က အာဏာ သိမ်းပြီး
တဲ့ အချိန်မှာ ရဲဘော်သုံးကျိပ် နိုင်ငံရေး ယဉ်ကျေးမှုနဲ့ လူငယ်ပီပီ စွန့်စား ချင်တဲ့ စိတ်တွေကြောင့်ကျွန်တော်
တို့ လူငယ် အတော်များများ တောခိုဖြစ်ခဲ့တယ်။

စစ်တပ် အာဏာသိမ်းပြီးစမှာ လှုပ်ရှားနေတဲ့ လူငယ်တွေကြား ထဲ UG(Underground) မြေအောက် လှုပ်ရှား မှုက ခေတ်စားလာတယ်။ UG လုပ်ရတာကို ဂုဏ်ယူ လာတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း UG လုပ်ရင်း မဖြေချင် ဖြေချင်နဲ့ ၁၉၈၉ မှာ ၁ဝတန်း ဖြေဖြစ် လိုက်တယ်။ ဒီကြားထဲမှာ နယ်စပ်နဲ့ ချိတ်ဆက်ပြီး လုပ်နေတဲ့ ကိုယ့်အထက်က ဗကသ ခေါင်းဆောင်တွေ အဖမ်း ခံရတယ်။

၁ဝတန်းပြီးတဲ့အချိန် လောက်မှာ နောက်တစ်ချီ အောက်မြန်မာပြည် ဗကသက ခေါင်းဆောင် တွေ နယ်စပ် က ပြန်အဝင်မှာ ထပ် အဖမ်းခံ ရပြန်ရော။ အဲဒီအချိန်မှာ ၁ဝ တန်း အောင်စာရင်းရဲ့ ရမှတ်က YIT ဝင်လို့ ရနေတယ်။ အဲဒီမှာ အိမ်က စိတ်ပူရော။ အထူးသဖြင့် အဖေက ထောက်လှမ်းရေးရဲ့ စစ်ကြော ရေးမှာ အစစ် ခံခဲ့ရဖူးတော့ သားလည်း ဒီလို ခံရတော့မယ် ဆိုပြီး စိတ်ပူရော။ YIT ရောက်ရင် ပိုပြီး နိုင်ငံရေးထဲ ပါတော့မယ်ဆိုပြီး အဘိုး အဘွား တွေကလည်း စိတ်ပူကြတယ်။ ဒါနဲ့ ၁၉၉၁ မှာ စင်ကာပူကို ထွက်ဖို့ လွှတ်လိုက်တယ်။

ကျွန်တော် စင်ကာပူမှာ အလုပ်လုပ်ရင်း ကျောင်းတက် နေပေမယ့် စိတ်က ဘယ်လိုမှ မပျော်ဘူး။ နိုင်ငံရေး လှုပ်ရှားမှုတွေ ဆီပဲ စိတ် ကရောက်နေတယ်။ ဒီလိုနဲ့ ABSDF နဲ့ အဆက်အသွယ် ရှိပြီး တတ် နိုင်သမျှ
ထောက်ပံ့ ပေးနေတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အတူ ABSDF စခန်း သွားလည်ဖို့ စီစဉ်ပြီး ၁၉၉၂ ခုထဲမှာ မင်းသမီး စခန်း ကို ရောက်လာတယ်။ အဲဒီအချိန်မှာ အရင် ရှိခဲ့ဖူးတဲ့ တော်လှန်ရေး စစ်သား လုပ်ချင်စိတ်
က ထိန်းမရ တော့ဘူး။ စခန်းကို သွားလည်ရင်း နဲ့ ABSDF တပ်ရင်း ၂ဝ၃ က တပ်တွေ ရှေ့တန်း ထွက်
တော့ လိုက်ခဲ့မယ် ဆိုပြီး မြိတ်နဲ့ တနင်္သာရီမြို့နယ် တွေက ရှေ့တန်း ဒေသကို လိုက် သွားခဲ့တယ်။

ရှေ့တန်းမှာ တစ်လနီးပါး ကြာခဲ့တယ်။ ဒီအခေါက် မှာပဲ ကိုယ့် အချင်းချင်း ရန်သူထင်ပြီး မှားပစ်လို့ ရဲဘော် နှစ်ယောက် ကိုယ့် မျက်စိရှေ့မှာတင် ကျသွားရော။ လဲနေတဲ့ ဒီရဲဘော် တစ်ယောက်ခေါင်း ကို သွားမ လိုက်တော့ မ တဲ့လက်က သူ့ ဦးခွံထဲကို ကျွံဝင်သွားတယ်။ ခေါင်းကို ကျည်ဝင် သွားတာကိုး။ လက်က သူ့ဦးနှောက်တွေကို စမ်းမိ ရော။ ဖြစ်စကတော့ အတော့်ကို လန့်သွားတာပဲ။ ဒါ ပထမဆုံး
သေနတ် ပစ်ပြီး သေတဲ့သူကို ကိုင်ဖူးတာကိုး။ ဒါပေမဲ့ တောထဲမှာ နေပြီး သူပုန် စစ်သား ဖြစ်ချင်တဲ့စိတ်
က ပျောက်မသွားဘူး။ ရှေ့တန်းကနေ ပြန် ရောက်တာနဲ့ စင်ကာပူကို ခွာပြီး ABSDF မှာ သူပုန်ရဲဘော် လုပ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေရော။

ABSDF မှာ အဲဒီ အချိန်က ကိုမိုးသီးဇွန် (MTZ) နဲ့ ဒေါက်တာ နိုင်အောင် (DNA) ဦးဆောင်တဲ့ အုပ်စု ဆိုပြီး နှစ်ခု ဖြစ်နေပြီ။ ABSDF တပ်တွေက ယေဘုယျ အားဖြင့် ကချင်ဒေသမြောက်ပိုင်း၊ မာနယ်ပလော ဗဟိုဒေသ၊ မြိတ်-ထားဝယ် တောင်ပိုင်းနဲ့ ရခိုင်-အိန္ဒိယ နယ်စပ် အနောက်ပိုင်း ဆိုပြီး အကြမ်းဖျင်း ခွဲလို့ရတယ်။ ၁၉၉၂ ခုနှစ် အကုန်လောက် မှာ ABSDF ကို ဝင်မယ် ဆိုတော့ စဉ်းစားစရာ တွေလည်း ရှိလာတယ်။ ကချင်ဘက် မှာ သူလျှိုမှုနဲ့ အသတ် ခံရတဲ့ ဇာတ်လမ်းက လည်း ပူပူနွေးနွေး။ အစိမ်းကြီး ဒီအတိုင်း စင်ကာပူက တောလာခို တာဆိုရင် ကိုယ့်ကို မသင်္ကာများ ဖြစ်မလား လို့ စိတ်ပူရသေးတယ်။ DNA ဘက်ထက် စာရင် MTZ အခြမ်းမှာ ဗကသ က လှုပ်ရှားမှု အနွယ်နဲ့ ဆက်စပ်လို့ ရသူတွေ ရှိတယ် ။ နောက်ပြီး မင်းသမီး စခန်း မှာ အခြေစိုက် တဲ့ တပ်ရင်း ၂ဝ၃ ဆိုတာ တပ်ရင်း တစ်ရင်းလုံး နီးပါး မြိတ်နယ်သား များတယ်။ ကျွန်တော့် အဖေဘက်က တစ်ဆွေ မျိုးလုံးက မြိတ်သားတွေ ဆိုတော့ ဆွေမျိုး စပ်ရတာ လွယ်တယ်။ ဒီလိုနဲ့ ABSDF (MTZ) က တပ်ရင်း ၂ဝ၃ မှာ သူပုန်ကျောင်းသား ရဲဘော် ဖြစ်ခဲ့ တယ်။ စစ်သားဖြစ် ချင်တယ် ဆိုတဲ့ စိတ်ကလည်း ငယ်ငယ် ထဲက ရှိခဲ့တယ်။ အမေ့ဘက်က အဘိုးက
မြန်မာ့ တပ်မတော် က ဗိုလ်မှူးဟောင်း။ ရဟတ်ယာဉ် ပျက်ကျပြီး ဆုံးသွားတဲ့ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်
ကြီး တင်ဦးနဲ့ အပတ်စဉ် တစ်ခုတည်း။ ကျွန်တော် ငယ်ငယ် ထဲက အဘိုးရဲ့စစ်စာစောင် တွေ၊ စစ် နည်း ပညာတွေ ဖတ်ပြီး အမြဲ သဘော ကျနေခဲ့တာ။ အဲဒီ စိတ် အခြေခံ တွေနဲ့ စစ်သားတော့ စစ်သားပဲ၊ ဒါပေမဲ့ သူပုန်စစ်သား ဖြစ်ခဲ့ရော။

ABSDF ရောက်တဲ့ အချိန်မှာ သတိထား မိတာက ၁၉၉၂ ကုန် လောက် ကတည်းက တောင်ပိုင်းမှာ ဗဟို
ကော်မတီဝင် တွေက လွဲရင် တပ်ထဲမှာ တာဝန်ယူတဲ့ သူတွေ ထဲမှာ တက္ကသိုလ် ကျောင်းသား ဆိုတာ ရှားသွားပြီ။ အဲဒီအချိန်က တပ်ရင်း ၂ဝ၃ ဆိုတာ ABSDF မှာ အကြီး ဆုံး တပ်ရင်း လို့ ပြောလို့ရတယ်။ နယ်မြေခံ ဒေသ ပြောက်ကျား နဲ့ပါ ပေါင်းရင် အင်အား ၄ဝဝ လောက် ရှိခဲ့တယ်။ ဒါပေမဲ့ တပ်ထဲမှာ တက္ကသိုလ် ကျောင်းသား ဆိုလို့ တစ်ယောက်ပဲ ရှိတယ်။ ဗဟို ဒေသမှာ ရှိ နေတဲ့ တပ်တွေ ထဲမှာတော့ တက္ကသိုလ်ကျောင်းသား တချို့ တပ်မှူး နေရာနဲ့ ဌာနဆိုင်ရာ တွေမှာ တာဝန် ယူနေတာ ရှိသေးတယ်။ ဒါပေမဲ့ ၁၉၉၃ လောက်မှာ ဗဟို ကော်မတီဝင် တွေကလွဲရင် တက္ကသိုလ် ကျောင်းသား ဆိုတာ တပ်တွေမှာ များများစားစား မကျန်တော့ဘူး။

ပြည်တွင်း ပြန်မဝင်တဲ့ တက္ကသိုလ် ကျောင်းသား အများစုက ဘန်ကောက် မှာ ရောက်နေကြပြီ။ ကချင်
မြောက်ပိုင်းနဲ့ အိန္ဒိယနယ်စပ်ရောက် ကျောင်းသားတွေက ထိုင်းနယ်စပ်ရောက် ကျောင်းသားတွေလို ဒုက္ခ သည် အဖြစ် အနောက် နိုင်ငံတွေကို သွားနိုင်တဲ့ အခွင့်အလမ်း နည်းပါးခဲ့တယ်။ ဒါကြောင့်မို့လို့ ရာခိုင်နှုန်း အရကြည့်ရင် ထိုင်းနယ်ဘက် ရောက်တဲ့ ကျောင်းသားတွေက နိုင်ငံခြား ထွက်ခွင့်ရတာ ပိုများတယ်။ ၁၉၉၅ နောက်ပိုင်းတော့ အိန္ဒိယဘက်က ကျောင်းသားတချို့လည်း နိုင်ငံခြား ထွက်ခွင့်ရခဲ့တယ်။

တောထဲမှာ နေတဲ့ဘဝက ရုပ်ပိုင်းဆိုင်ရာအရ ကြမ်းတယ်။ ကျွန်တော် တို့ တောင်ပိုင်း စစ်ဒေသလို ထိုင်း ငါးဖမ်းလှေတွေ ဆီက ပိုက်ဆံရှာနိုင် တဲ့ တပ်တွေမှာ တောင် ရိက္ခာဆိုတာ ဖြစ်ရုံ ရတာ။ ဆန်ကွဲကြမ်းဆန်၊ ငရုတ်သီးခြောက်၊ ဆီက တစ်ယောက်ကို တစ်လ ပုလင်းတစ်ဝက်၊ ငါးပိကြမ်း၊ ဆားနဲ့ အချိုမှုန့် ဆိုတာပဲ ပါတယ်။ ဒါကိုဖြစ်အောင် ကြံဖန်စား။ စစ်မတိုက် ခင် ငှက်ဖျားနဲ့ မသေအောင် အရင် လုံးပန်းရတယ်။ ထိုင်းနယ်စပ်ကနေ မြန်မာပြည်ထဲက စခန်း ရောက်အောင် ပုံမှန် ဆန်ထမ်းရတာက လေးနာရီ ကြာတယ်။
ရှေ့တန်းမှာ ဒဏ်ရာ ရလာလို့ရှိရင် ဆေးရုံ မပို့နိုင်ခင် လနဲ့ချီ ကြာတယ်။ ဒဏ်ရာ ပုပ်ပြီး သေသူတွေလည်း အများကြီးပဲ။ ဒီကြားထဲ အစိုးရနဲ့ စစ်တိုက်လို့ မဟုတ်ဘဲ တခြား လက်နက်ကိုင် အဖွဲ့တွေက ဆွဲသတ် လို့ သေခဲ့ရသူတွေ လည်း တစ်ပုံကြီး။ ကျွန်တော် ABSDF ထဲဝင် စမှာ DNA ဘက်ခြမ်း တပ်ရင်း ၂ဝ၁ က ရဲဘော် ၁၁ ယောက်ကို ကရင် တပ်က ရှင်းပစ် တဲ့ အဖြစ်အပျက် ကလည်း ရှိခဲ့ဖူးတယ်။
စာရင်းတွေ အရ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော် ကာလတွေအတွင်းမှာ ABSDF တစ်ခုလုံးမှာ ကျဆုံး ၆၂၉
ယောက်၊ ဒဏ်ရာရ ၄ဝ၂၊ စုစုပေါင်း ၁ဝ၃၁ ယောက် ရှိခဲ့တယ်။ ကျွန်တော် တို့တပ်ရင်း ၂ဝ၃ တစ်ခုတည်း မှာတင် ကျဆုံး ၅ဝ ကျော်လောက် ရှိ တယ်။ တောခိုခဲ့တဲ့ ABSDF ရဲဘော်တွေ အားလုံးလိုလိုမှာ ဒီအခက် အခဲ တွေ ဖြတ်ခဲ့ ရတယ်။

ABSDF ဟာ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ အတွက် သူ့ဖွဲ့စည်းပုံ ရော အမိန့် စီးဆင်းမှုက စစ်တပ်ပုံစံပဲ။ ကျွန်တော်တို့မှာ လဝ (လျှို့ဝှက်) စည်းမျဉ်း ဥပဒေတွေ ရှိတော့ အဖွဲ့အစည်း ကိစ္စ တော်တော်များများ ကို ဗဟိုကော်မတီဝင် မဟုတ်တဲ့ ကျွန်တော်တို့လို အောက်ခြေ ရဲဘော်တွေ မသိကြဘူး။ ဗဟို ကော်မတီဝင် ထဲမှာတောင် ဦးဆောင် ကော်မတီဝင် လောက်ပဲ အရေးကြီးတဲ့ ကိစ္စတွေ သိခွင့်ရတယ်။ ဥပမာ - DNA ဘက်ခြမ်း ကချင်ကိစ္စမှာ သူလျှိုလို့ စွပ်စွဲပြီး သတ်ပစ်တာ မျိုးတွေ၊ MTZ ဘက်ခြမ်းက ကိုဌေးနိုင် ကို စပိုင် အဖြစ်နဲ့ ဖမ်းပြီး ချုပ်ထားတဲ့ ကိစ္စတွေ ဆိုတာ ABSDF မှာ ရှိစဉ် အခါက ခပ်ရေးရေး ပဲ သိခဲ့ရတာ။
တောင်ပိုင်း ရဲဘော် အများစုက ဗဟိုနဲ့ ဝေးတာကြောင့် လည်းပါတယ်။ ABSDF အတွင်းရေးတွေ ဆိုတာ တပ်ထဲမှာ ရှိစဉ် ကထက် အပြင်ရောက် မှ ပိုသိခဲ့ရတာ။

အခက်အခဲ တွေ၊ ပြဿနာတွေ ရှိပေမယ့် ABSDF မှာ ရှိခဲ့တဲ့ လေးနှစ် အချိန်မှာ ဘယ်တုန်းကမှ “လာခဲ့မိ တာ မှားလေခြင်း” လို့ တစ်ခါ မှ နောင်တ မရခဲ့ဖူးဘူး။ ကျွန်တော့်ဘဝမှာ တွေးပြီး ကျေနပ်ခဲ့တဲ့ အချိန် တွေ ထဲမှာ အဲဒီတုန်းက အခိုက်အတန့်တွေ လည်းပါတယ်။ ဒီအခက် အခဲတွေကို ကြံ့ကြံ့ခံ ရပ်နိုင်ခဲ့တဲ့ အဓိက အကြောင်း တစ်ခုက ကိုယ်နဲ့ အတူ ရုန်းကန်ခဲ့တဲ့ ရဲဘော်တွေကြောင့်ပဲ။ နောက်ပိုင်း လေ့လာရင်းနဲ့ သိလာ တာက တခြားစစ်ပွဲတွေကို သုတေသနပြုထားတဲ့ ကျမ်းတွေမှာ ရှင်းပြတာခဲ့တာ ရှိတယ်။ စစ်သားတွေ စစ်တိုက်ကြတဲ့အခါမှာ သူတို့ အတွက် အဓိက အရေးအကြီးဆုံးက အယူဝါဒတို့၊ ခေါင်းဆောင်တို့၊ အဖွဲ့ အစည်းတို့ထက် သူတို့ဘေးက ရဲဘော်ရဲဘက်တွေ က ပိုအဓိက ကျတယ်လို့ ဆိုတယ်။ ကိုယ်နဲ့ ဒိုးတူပေါင် ဖက် နေခဲ့တဲ့ ရဲဘော် တွေက ကိုယ့်ရဲ့ခွန်အား လိုဖြစ်လာတယ်။ နောက်တစ်ခုက တောထဲ မှာ ရှိနေတုန်း က ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေး သမားကြီး ဆိုတဲ့ သတ်မှတ်ချက်နဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ ငါတို့
တော်လှန်ရေး လုပ် နေတာဆိုပြီး ကျေနပ်နေခဲ့တာပဲ။

နောက်တစ်ခု သတိထား မိတာက တောထဲမှာနေခဲ့စဉ် တောက် လျှောက်မှာ ကျွန်တော် အပါအဝင် ကျွန်တော်တို့ ရဲဘော်တွေကြားမှာ မဆွေးနွေးဖြစ်တာ နှစ်ခုရှိတယ်။ တစ်ခုက ကျွန်တော်တို့ရဲ့ အနာဂတ် အကြောင်း။ ကျွန်တော်တို့ဘဝမှာ ဘာဖြစ်ဖို့ ရည်မှန်းချက် ရှိတယ်တို့၊ နောက် ၁ဝ နှစ် နှစ် ၂ဝ မှာ တို့ဘဝ ဘာဖြစ်လာမယ်တို့ ဆိုတာ မပြော ကြဘူး။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ မိဘတွေကို ဘယ်လိုလွမ်း တယ်ဆိုတဲ့အကြောင်း အချင်းချင်း ပြောကို မပြောကြတာ။ ပုထုဇဉ် လူသားပီပီ ဘဝမှာ ဖြစ်ချင်တာတွေ မရှိလို့လည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ မိဘကို သတိမရလို့ မချစ်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအကြောင်း တွေ စဉ်းစားလိုက်ရင် ကိုယ်ခံနေရတဲ့ ဒုက္ခတွေ ရင်ဆိုင်ဖို့ အားပျော့ သွားမှာမို့ ကျွန်တော်တို့ရဲ့ မသိစိတ်ထဲက အလိုအလျောက် ဒါတွေ မစဉ်းစားမိအောင် ကန့်လန့်ကာ ချထားတာလို့ နောက်တော့ ပြန်တွေးမိတယ်။

ABSDF မှာက နိုင်ငံတကာ ဆက်ဆံရေး လိုအပ်ချက်တွေ အရ အင်္ဂလိပ်စကား ရေးနိုင်ပြောနိုင်တဲ့ သူတွေ ကို ဘန်ကောက်နဲ့ တခြား နေရာက မြို့ပေါ် ရုံးတွေမှာ တာဝန် ပေးလေ့ရှိတယ်။ ကျွန်တော်ကတော့ တော
ထဲနေရတာ သဘောကျတယ်။ တစ်ခါတလေ တပ်ထောက် တာဝန် နဲ့ ထိုင်းမှာ ရိက္ခာ စစ်လက်နက်ပစ္စည်း သွားဝယ်တာ ကလွဲရင် ဒီလေးနှစ် လုံးလုံး အများစုက တနင်္သာရီ ရိုးမမှာပဲ အချိန်ကုန်ခဲ့တာ များတယ်။ ထိုင်းနိုင်ငံက ကျွန်တော်တို့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ထောက်ပံ့ရေး ကျောရိုး။ ဆန်ကအစ လက်နက် ခဲယမ်း အဆုံး ထိုင်းကဝယ်ရတော့ ထိုင်းထောက်လှမ်းရေး ရဲတပ်ဖွဲ့တွေကိုလည်း ခဏခဏ လာဘ်ထိုးရ တယ်။ ထိုင်းစစ်တပ်နဲ့ ထိုင်းထောက်လှမ်းရေး ပေါင်းပြီး လက်နက် မှောင်ခိုသယ်ပြီး မြန်မာပြည်ထဲက လက်နက်ကိုင် အဖွဲ့တွေကို ရောင်း တယ်။ ထိုင်းအစိုးရရဲ့ ပေါ်လစီထက် စာရင် ဒါကသူတို့အတွက် ကြား ပေါက်ရှာတာပဲ။ ထိုင်းဘက်ကိုလည်း သွားရလွယ်တော့ တောထဲမှာ လက်နက်ကိုင် ဘဝနဲ့ ဆက်မ
နေချင်တဲ့ ရဲဘော်တချို့လည်း ထိုင်းနယ်ထဲ ဝင်ပြေးပြီး ဘန်ကောက် ထွက်သွားကြသူ တွေလည်း မနည်း ဘူး။

ABSDF တပ်ရင်း တော်တော်များများ က တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ နယ်မြေထဲမှာ ခိုလှုံရတာ ဆိုတော့ သူတို့ရဲ့ အကန့် အသတ်ထဲမှာ နေခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တောင်ပိုင်းက တပ်ရင်း ၂ဝ၁၊ ၁ဝ၂ နဲ့ ၂ဝ၃ ကတော့ ၁၉၉၃ ခုနှစ်လည် လောက်ကစပြီး တနင်္သာရီရိုးမက မွန်တပ်နဲ့ KNU လက်အောက် ခံ မွတ်ဆလင် တပ် နှစ်ခုကြားက နေရာကိုဝင်ယူပြီး ABSDF ကိုယ်ပိုင် နယ်မြေဆိုပြီး သတ်မှတ်လိုက်တယ်။ ကိုယ့်နယ်နဲ့ကိုယ်ဆိုတော့ လွတ်လွတ်လပ်လပ် ရှိလာတယ်။ အမဲသားငါး ရှာရတာလည်း လွယ်လာတယ်။ သစ်လာ ခုတ်တဲ့သူတွေဆီက အခွန်အကောက် ရတယ်။ ABSDF ရဲ့ခြေကုပ် ရလာတဲ့ နေရာဖြစ်လို့ KNU က ABSDF ခေါင်းဆောင် တချို့ကို ယာယီ ထိန်းသိမ်းခဲ့ပြီးတဲ့ နောက်ပိုင်း ၁၉၉၄ လောက်မှာ ABSDF ဗဟိုလုပ်ငန်း နဲ့ ခေါင်းဆောင် တချို့ တောင်ပိုင်း ရွေ့လာခဲ့တယ်။

အဲဒီအချိန်မှာ တောင်ပိုင်း တပ် အများစုကလည်း နောက်တန်း ရောက်နေတော့ ဗဟိုက တာဝန်ပေး ချက် အရ ကျွန်တော်နဲ့အတူ လာကူ ပေးနေတဲ့ သြစတြီးယားနိုင်ငံ သား စစ်သားတစ်ယောက်နဲ့ အတူတွဲပြီး ၁၉၉၅ အတွင်းမှာ စစ်သင်တန်း ပေးတာတွေ လုပ်နေခဲ့တယ်။ တချို့ နိုင်ငံခြားသား တွေက သူတို့နိုင်ငံ မှာ အဲဒီအချိန်က စစ်ပွဲတွေ မရှိတော့ အတွေ့အကြုံ ရအောင်ဆိုပြီး မြန်မာပြည်က သူပုန်တွေနဲ့ လာတိုက် ကူနေသူတွေ ရှိတယ်။ တချို့ ကလည်း ခရစ်ယာန် လက်ယာ ဂိုဏ်းဝင်တွေ ဖြစ်ပြီး မြန်မာအစိုးရက ခရစ်ယာန် ဘာသာဝင် တွေကို နှိပ်ကွပ်တယ် ဆိုပြီးတော့ KNU၊ KIO စတဲ့ အဖွဲ့တွေဘက်မှာ တိုက်ကူ
နေသူတွေလည်း ဒီနေ့အထိ ရှိတယ်။သြစတြီးယား သူငယ်ချင်းနဲ့ အတူပါလာတဲ့ ဗီယက်နမ် စစ်ပွဲအကြောင်း တို့ လက်နက်ကိုင် ပုန်ကန်မှုကို အစိုးရတွေ ချေမှုန်းတဲ့ နည်းဗျူဟာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဖတ်ရ တဲ့အခါ ကျွန်တော်တို့ နားလည်တဲ့ မော်စီတုန်းရေးခဲ့တဲ့ ရေရှည် စစ်မဟာဗျူဟာ အပေါ် မေးခွန်းထုတ် စရာတွေ ဖြစ်လာခဲ့တယ်။


ဒေါက်တာမင်းဇော်ဦး

ဒေါက်တာ မင်းဇော်ဦး သည် အမေရိကန် အခြေစိုက် Democracy International Inc. ၏ အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ ရွေးကောက်ပွဲ စနစ် ခိုင်ခံ့ရင့်မာရေး စီမံချက်တွင် ဒုတိယ တာဝန်ခံ (Deputy Chief of Party) အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည်။ ဒီမိုကရေစီ အပြောင်းအလဲ ၁၁၅ ခုအား လေ့လာ သုံးသပ် ကျမ်းပြုစုပြီး George Mason မှ ပါရဂူဘွဲ့ (Ph.D.) ကို ရရှိခဲ့သည်။ Georgetown University မှ အမျိုးသား လုံခြုံရေး ဆိုင်ရာ မဟာဝိဇ္ဇာ(M.A.) နှင့် George Mason University ပဋိပက္ခ သုံးသပ်ဖြေရှင်းမှု မဟာသိပ္ပံ (M.S.) တို့ရရှိခဲ့သည်။


မူရင်း
http://www.thevoicemyanmar.com/2/index.php/perspective/item/2778-%E1%81%82%E1%81%81-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%9B%E1%80%B2%E1%82%95-%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%A1%E1%80%BB%E1%80%95%E1%80%94%E1%80%B9-%E1%80%A1%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%9B%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%81%81.html မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment